ဗမာနှင့် ချင်း ဆွေမျိုးရင်း
====================
ရှေးရှေး ကမ္ဘာတည်ဦးစအခါက ကမ္ဘာပေါ်တွင် တောတောင်မြစ်ချောင်းများရှိသည်။ ကွင်းပြင်စိမ့်စမ်းများရှိသည်။ ကျွဲ နွား ဆင် မြင်း များလည်းရှိသည်။ သို့သော်လည်း လူများ မရှိသေးချေ။ ထိုကြောင့် ကမ္ဘာစောင့်နတ်ကြီးသည် လူဖန်ဆင်းရန်အလို့ငှာ ဗမာဥတစ်လုံးနှင့် ချင်းဥတစ်လုံးကို ဥလေသည်။
ကမ္ဘာစောင့်နတ်ကြီးသည် ဗမာဥကို ဝါခင်းထဲက ဝါဂွမ်းပုံပေါ်တွင် အသာအယာ တင်ထားသည်။ ဝါဂွမ်းသည် နူးညံ့၍ ပူနွေးသောကြောင့် ဗမာဥသည် တစ်နေ့တခြား ရင့်မာလာပြီးလျှင် အချိန်စေ့ရောက်သောအခါ ဥတွင်းမှ ဗမာကလေး ပေါက်လာလေသည်။
ချင်းဥကိုကား အလွန်လုံခြုံသော ကြေးနီဗူးတွင် ထည့်ထားလေသည်။ ကြေးနီမှာ ဝါဂွမ်းကဲ့သို မနူးညံ့ချေ။ မပူနွေးချေ။ ထို့ကြောင့် ချင်းဥမှာ ရက်ပေါင်းများစွာ ကြာသော်လည်း မပေါက်ဘဲ ရှိလေသည်။ ထိုအခါ ကမ္ဘာစောင့်နတ်ကြီးသည် ချင်းဥကို ကြေးနီဗူးမှ ထုတ်ယူ၍ မြစ်ရေတွင် မျှောချလိုက်လေသည်။
ထိုမြစ်၏ကမ်းနဖူး သာယာသောနေရာတစ်ခု၌ ငှက်တော်တစ်ကောင်သည် မြစ်ဘက်ကို မျက်နှာပြု၍ နားနေလေသည်။ ထိုခဏ၌ မြစ်ထဲတွင် ပေါလောပေါလောနှင့် မျောလာသော ချင်းဥဖြူဖြူကြီးကို မြင်၍ ဆယ်ယူပြီးလျှင် ဝါးရုံထဲရှိ မိမိအသိုက်တွင် အသာအယာ ထည့်ထားလေသည်။ ထို့ပြင် ချင်းဥကို မိမိဥရင်းပမာ နေ့စဉ်ညစဉ် စောင့်ရှောက်၍ ဥပေါ်တွင် ဝပ်လေသည်။ ဤသို့ဖြင့် ချင်းဥမှာ တစ်နေ့တခြား ရင့်မာလာပြီးလျှင် အချိန်စေ့ရောက်သောအခါ ဥတွင်းမှ ချင်းကလေး ပေါက်လာလေသည်။
ထိုအခါ ဖခင် ကမ္ဘာစောင့်နတ်ကြီးသည် ဗမာနှင့် ချင်း ညီအစ်ကိုနှစ်ယောက်အား လုပ်ကိုင်စားသောက်ပိုရန် ကျွဲ နွား ဆင် မြင်းတို့ကို ပေးလေသည်။ ဗမာသည် ကျွဲ နှင့် နွားကိုရ၍ ချင်းသည် ဆင်နှင့် မြင်းကို ရလေသည်။ သို့သော်လည်း ညီဖြစ်သော ချင်းငယ်သည် မြစ်ဝှမ်းမြေပြင်၌ မပျော်။ တောထဲ တောင်ပေါ်၌သာ ကျေးငှက်သာရကာတို့နှင့်အတူ ပျော်ပျော်ပါးပါး နေလိုသည်ဟုဆိုကာ ဆင်နှင့် မြင်းကို အစ်ကိုဗမာအား ပေးခဲ့၍ တောထဲ တောင်ပေါ်သို့ တက်သွားလေသည်။ အစ်ကိုဗမာမှာကား ကျွဲ နွား ဆင်မြင်းတို့ကို ကျောင်း၍ မြစ်ဝှမ်း မြေပြင်တွင် ကျန်ရစ်ခဲ့လေသည်။
ထိုအကြောင်းကို ထောက်၍ "ချင်းနှင့် ဗမာ ဆွေရင်းချာ၊ ဗမာနှင့် ချင်း ဆွေမျိုးရင်း "ဟူသော စကား ပေါ်လာလေသတည်း။
Comments
Post a Comment